တရုတ်နိုင်ငံသို့တင်သွင်းသော မြန်မာ့ဆန်ကို အခွန်(၆၅)ရာခိုင်နှုန်း ကောက်ခံနေသဖြင့် ဆန်ကုန်သည်များ လမ်းကြောင်းပြောင်း တင်ပို့နေကြရ

မြန်မာနိုင်ငံတွင် ဆန်စပါးမူဝါဒ ပြောင်းလဲပြီးနောက်ပိုင်းတွင် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ တစ်စတစ်စ တိုးမြင့်လာခဲ့ပါ တယ်။ နှစ်စဉ် ဆန်တန်ချိန်နှစ်သန်းကျော်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းကျော် တင်ပို့နိုင်ခဲ့တာဟာ ယနေ့အထိပါပဲ။ ၂၀၁၈ ခုနှစ်၊ ဆန် ပြည်ပ တင်ပို့မှုကို ကြည့်ရင် ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်မှုရှိနေပြီး တန်ချိန် ၁ ဒသမ ၇၅ သန်းကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရ ပါတယ်။ ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါ တယ်။ ဆန်နှင့်ဆန်ကွဲတင်ပို့တဲ့နိုင်ငံဟာလဲ မူလနိုင်ငံပေါင်း ၃၀ ကျော် တင်ပို့နေရာကနေ ယနေ့ထိ နိုင်ငံပေါင်း ၆၀ တိုးချဲ့ တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စပါးတန်ချိန် မတ်ထရစ်တန် ၄ သန်း တင်ပို့ နိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရရှိအောင် မျှော်မှန်းထားရှိပါတယ်။

သို့သော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် ဆန်ပြည်ပတင်ပို့မှု လက်နှေးနေသလိုဖြစ်နေပြီး ပြည်တွင်း ဆန်စပါးဈေး ကွက်မှာ လည်း ကမောက်ကမ မတည်မငြိမ်ဖြစ်ပေါ်နေသည်ကို ခံစားနေကြရပါတယ်။ မြန်မာ့ဆန်စပါးဈေးကွက်ဟာ ပြည်ပဆန်ဈေးကွက်က အ နုတ်အသိမ်းသွက်မှသာ ဆန်စပါးဈေးတက်လာပြီး ဈေးဟာ ဣန္ဒြေရနေတာ ဖြစ်ပါတယ်။ ပြည်ပကို ဆန်နှင့်ဆန်ကွဲ အထွက်နည်း ပြီဆိုရင် တော့ ပြည်တွင်းဆန်စပါး ဈေးဟာအောက်သို့ထိုးဆင်းသွားတာတွေ့ရပါတယ်။ ဆန်စပါးအရောင်းအဝယ်ဈေးကွက်နှင့်နှီးနွှယ် ပါဝင်ပတ် သက် နေတဲ့ ပုဂ္ဂိုလ်များအားလုံးလည်း မျက်လုံးအပြူးသား နှင့်သာ ထိုင်စောင့်နေကြရတဲ့ အဖြစ်နဲ့ ကြုံကြရပါတယ်။ မြန်မာ့ဆန်ကို နှစ်စဉ် အဓိက ဝယ်ယူနေတဲ့ နိုင်ငံတွေကတော့ အီးယူနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား ၊ နယ်သာလန်၊ ယူကေနှင့် တရုတ်နိုင်ငံတွေပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံကို နှစ်စဉ်တင်ပို့ဖို့ ကိုတာခွဲတမ်းရရှိဖို့မှာ အလွန်ခက်ခဲပါတယ်။ တစ်ခါတလေမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးပရိယာယ်မဟာဗျူ ဟာကပဲ အကွက်ဆင်နေသလားလို့ ယူဆရပါတယ်။ တရုတ်နိုင်ငံဘက်က ဆန်ကိုတာ ခွဲတမ်းရရှိဖို့ မြန်မာဘက်ကလိုက်နာရမယ့် စည်း မျဉ်းစည်းကမ်းများ မလိုက်နာနိုင်တာရယ်၊ အချိန်မီနှစ်စဉ် ဆန်ခွဲတမ်း ကိုတာအချိန်မီမတောင်းခံနိုင်တဲ့ အားနည်းချက်ကလည်း ရှိနေတာ အမှန်ပါပဲ။ ဆန်ရဲ့အရည်အသွေး တွေကို သတ်မှတ်ချက်အတိုင်း စံချိန်စံညွှန်းပြည့်မီအောင် လုပ်ပေး နိုင်မှု အားနည်းတာတွေ၊ ဆန်စက်တွေ ရဲ့ အရည်အသွေးပြည့်မီအောင် မဆောင်ရွက်ပေးနိုင်တာတွေ၊ လိုအပ်သော ပြည့်စုံလုံလောက်တဲ့ ထောက်ခံချက်များ နှင့်တကွ တရုတ်နိုင်ငံ ကို ဆန်ကိုတာ ခွင့်ပြု ချက်တောင်းခံမှုစာရင်းအချိန်မီ မပို့နိုင်တာတွေဟာ တရုတ်နိုင်ငံနှင့် စကားပြောရတဲ့အခါမှာ မျက်နှာငယ်စရာ ဖြစ် လာပါတယ်။

ယခု ကမ္ဘောဒီယားနိုင်ငံကို တရုတ်က ဆန်တန်ချိန် နှစ်သိန်း ကိုတာခွဲတမ်းပေးခံရချိန်မှာ မြန်မာနိုင်ငံအတွက် အိပ်မက်တောင် မမက်ရ သေးဘူး၊ စားရင်းတွေပို့ရဦးမယ်၊ ဆွေးနွေးရဦးမယ်ဆိုပြီး အမြဲနောက်ကျနေတဲ့ သဘောဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်ကို တရုတ်နိုင်ငံမှ အခွန်(၆၅) ရာခိုင်နှုန်းသတ်မှတ် ကောက်ခံနေခြင်းကြောင့် ဆန်တင်ပို့သူများအတွက် အဆင်မပြေမှုများစွာ ဖြစ်ပေါ်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ဆန်ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ကပြောသည်။ တရုတ်နိုင်ငံက မ ကြားဖူးတဲ့ အခွန်နှုန်းထားဖြစ်တဲ့ ၆၅ရာခိုင်နှုန်းအဖြစ်သတ်မှတ်ထားတဲ့အတွက် ကျွန်တော်တို့ အခွန်ဆောင်နေရတယ်၊ ဆန်တစ်အိတ်ကို ယွမ်းတစ်ရာသတ်မှတ်ရင် ကျွန်တော်တို့က ၆၅ယွမ် ဆောင်နေရ တယ်၊ ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ ဒါမျိုးပုံစံမျိုးမရှိဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ အခွန်နှုန်းထား မြင့်မားစွာ ပေးဆောင်ခြင်းကြောင့် ပြည်တွင်း၌ ပြည်ပပို့ဆန်များ သိသိသာသာ ဈေးနှုန်းထိုးကျသွားခဲ့ပြီး ကုန် သည်များနှင့် စိုက်ပျိုးသူများမှာ အဆင်မပြေမှု များစွာ ကြုံတွေ့နေပြီး တင်း ၁၀၀လျှင် ကျပ်ငါးသိန်းသတ်မှတ်ထားသော်လည်း အဆိုပါ ပမာဏအား မပေးနိုင်သည့်အခြေအနေများဖြင့် ကြုံတွေ့နေရ ကြောင်း သိရသည်။ ကုန်သည်တွေက သူတို့သတ်မှတ်ထားတဲ့ ဈေးအတိုင်း ဆိုရင်ဘယ်လိုမှ မကိုက်တဲ့အတွက် အခုဆိုရင် လမ်း ကြောင်းပြောင်းပို့နေရတယ်၊ လာအိုနိုင်ငံကနေ ထရန်စစ်နဲ့ တရုတ်နိုင်ငံထဲကိုတင်ပို့ နေရတယ်၊ ကျွန်တော်တို့နိုင် ငံနဲ့ နယ်စပ်ထွက်ပေါက်ကြီးရှိနေတာကို ဒီလိုတင်ပို့နေရတာက အရမ်းဝမ်းနည်းဖို့ကောင်းတယ်၊ အစိုးရပိုင်း ကလည်းသိမှာပါ“ဟု ဦးစိုင်းကျော်က ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့လျှင် ဆန်တစ်အိတ် ကျပ်တစ်ထောင်ဝန်း ကျင်သာ ကုန်ကျပြီး လာအိုနိုင်ငံမှတစ်ဆင့် တင်ပို့လျှင် တစ်အိတ် ကျပ်ငါးထောင်ခန့် ကုန်ကျကြောင်း သိရသည်။ သို့သော် အခွန်ရာခိုင် နှုန်းဖြင့်တွက်ချက်လျှင် လာအိုနိုင်ငံမှတစ်ဆင့် တင်ပို့မှုက ကုန်သည်များအတွက် များစွာတွက်ချေကိုက်ကြောင်းသိရသည်။ လာအိုဘက် ကတင်ပို့တာမှ တင်ပို့စရိတ်ပိုပေမယ့် အခွန်ကအတော်လေးကွာပါတယ်။ အဲဒီအတွက် ကျွန်တော်တို့တင်ပို့သူတွေ အဆင်ပြေတယ်လို့ ပြောရမယ်။ အခုလိုတစ်ဆင့်ခံ တင်ပို့ရတာဖြစ်တဲ့အတွက် ကုန်သည်တွေအ တွက်လည်း အမြတ်အစွန်းနည်းသလို၊ နိုင်ငံတော်အနေနဲ့ အခွန်ရရှိမှုပိုင်းမှာလည်း ထိခိုက်နေပါတယ်။ ဒီအတွက် နိုင်ငံတော်ပိုင်းကလူတွေအနေနဲ့ တစ်ခုခုစဉ်းစားလုပ်ဆောင်ပေးစေလိုပါတယ်” ဟု ဆန်ကုန်သည် ဦးတင့်ဇော် ကပြောသည်။

အခုလို ဆန်တင်ပို့မှုတွင် ကြုံတွေ့နေရသည့် အခြေအနေများကြောင့် ဆန်ကုန်သည်များအနေဖြင့် ဆန်ပမာဏများများ တင်ပို့လိုခြင်းမရှိ တော့ဘဲ အလုပ်ဖြစ်ရုံသာ တင်ပို့နေကြခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုလည်း လွန်စွာနှေး ကွေးလျက်ရှိကြောင်း ကုန်သည်များ ထံမှ သိ ရသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တဲ့ပုံစံမျိုး လုပ်နေတာပါ၊ သူတို့ဆီက ဆန်ကို လိုအပ်ချက်ရှိတယ်ဆိုတာသိတယ်၊ ဒါပေမယ့် အခုလိုလုပ်နေတာက တရားမဝင်လမ်းကြောင်းကဆိုရင် အကုန်လုံးကို ယူနေ တာပဲ၊ နေ့စဉ် ဆန်အပါဝင် ဖရဲ၊ သခွားနဲ့ အခြား သီးနှံတွေကို သယ်ယူနေတဲ့ကားတွေဆိုတာ ကျွန်တော်တို့ မမြင်ခြင်မှအဆုံးပဲ၊ ဒါမျိုးတွေကို ကျွန်တော်တို့အနေနဲ့ ဘာမှမလုပ်နိုင်ပါဘူး၊ သက်ဆိုင်ရာအနေနဲ့ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု မန္တလေးဆန်ကုန်စည်ဒိုင်၊ ဒုဥက္ကဋ္ဌ ဦးတင့်ဇော်ကပြောသည်။

ဒါ့အပြင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရတို့အကြား နှစ်နိုင်ငံ ဆန်တင်ပို့မှုပြုလုပ်ရန်အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီတစ်ခုတည်းဖြင့်သာ စာချုပ်ချုပ်ဆို ထားသည့်ပုံစံမျိုး ဖြစ်နေသဖြင့် ပြည်တွင်းဆန် တင်ပို့သူများမှာ ဈေးနှိမ်ခံရခြင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကိုလည်း ကြုံတွေ့နေရကြောင်းသိရသည်။ ယခင်နှစ်များတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်လလျှင် ဆန်တန်ချိန်သုံးသိန်းခွဲခန့်အထိ တင်ပို့ခဲ့သော်လည်း ယခုနှစ်တွင်မူ တန်ချိန်နှစ်သိန်းအောက်သာ တင်ပို့နေရကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စာရင်းများအရ သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *