Uncategorized

တစ်ခုခုအမှားအယွင်းဖြစ်၍အန္တရာယ်ဖြစ်မှာစိုးရိမ်နေပြီးအချိန်နဲ့အမျှစောင့်ကြည့်နေကြောင်း ချင်းလွှတ်တော်အမတ်နှင့် ပတ်သက်၍ ဦးထွန်းထွန်းဟိန်ပြော

Written by Cele Sai

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝှေ့တင်းသည် ပလက်ဝမြို့နယ် ဝေးလံမြို့နယ်များ လူမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့နယ်အလုပ် အမှုဆောင် သ တင်းနှင့်ပြန်ကြားရေးတာဝန်၊ ပလက်ဝမြို့နယ် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပလက်ဝမြို့နယ် ခူမီးလူငယ် များအသင်း အတွင်းရေးမှူးနှင့် ခူမီးရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ လူငယ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ချင်းပြည်နယ်အတွင်း နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်း၊ ဇိုရမ်ပီလမ်းပိုင်းမှ တာဝန်ရှိ အိန္ဒိယ နိုင်ငံ သား ၅ဦး၊ သာသာပြန် ၂ဦး နဲ့ စပိဘုတ်မောင်းသူနှစ်ဦးတို့ဟာ ပလက်ဝမြို့မှ ကျောက် တော်မြို့သို့ ထွက်ခွာခဲ့ရာ ပလက်ဝနဲ့ ကျောက် တော် ကြားလမ်းမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ပျောက်ဆုံးသွားတာဟာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာ ကြောင့်ဖြစ်ပါ တယ်။ နိုဝင်ဘာလ ၄ ရက်နေ့မှာ AA အနေနဲ့ ၉ ဦးကို ပြန်လွှတ်ပေးကာ အိန္ဒိယနိုင်ငံသားတစ်ဦးကတော့ အမောဆို့ကာ သေဆုံးသွားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကိုတော့ AA အနေနဲ့ လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးတာဖြစ်ပါတယ်။(AA) ရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ အမတ် ဦးဝှေ့တင်း အတွက် လွှတ်တော်ဘက်က အန္တရာယ်မဖြစ်အောင် အမြဲစောင့်ကြည့်နေပြီး အမှားအ ယွင်းမရှိအောင်လည်း သတိထားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်ကပြောပါတယ်။ ဦးထွန်းထွန်းဟိန်က”အန်ကယ်တို့ကလွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ လွှတ်တော်မှာတာဝန်ရှိတာပေါ့။

အဲ့ဒီတော့အဖက်ဖက်ကစဉ်းစားရပါတယ်။သူ့ရဲ့တာဝန်တွေကိုစဉ်းစားရသလိုသူ့ရဲ့လုံခြုံရေးကိုလည်းစဉ်းစားရပါတယ်။ဒီလိုစဉ်းစားတဲ့အခါကျတော့ အန်ကယ်တို့ဖက်ကတစ်ခုခုအမှားအယွင်းဖြစ်သွားလို့ သူ့အတွက်အန္တရာယ် ဖြစ်သွားမှာလည်းစိုးရိမ်ပါတယ်။ အန်ကယ်တို့က အမြဲတမ်း အချိန်နဲ့အမျှအမြဲစောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် သည်ကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့သက်ဆိုင်တဲ့ မြို့သူမြို့ သား၊မဲဆန္ဒရှင်တွေရဲ့အကျိုးအတွက်ပါလွှတ်တော်အနေနဲ့ အဖက်ဖက်က စဉ်းစားဆောင်ရွက်နေတယ်လို့ ဆိုလို့ပါတယ်။

လွတ်တော်အခွင့်အရေးကော်မတီမှ အတွင်းရေးမှူး ဒေါက်တာလှမိုး ကတော့ အခုလို ပြည်သူကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ် ယောက်ဘေးဒုက္ခရောက်နေခြင်းဟာ သူ့ကိုကိုယ်စားပြုတဲ့ ပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ကလည်း နယ်ကိုဆင်းမယ်ဆိုရင် လိုအပ်တဲ့ လုံခြုံရေးအစီအမံကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူ တွေထံ မှာတောင်းခွင့်ရှိသလို တောင်းခံတဲ့အခါမှာလည်းမြို့နယ် မှာရှိတဲ့တာဝန်ရှိသူ တွေက ပေးကိုပေးရတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က “ဒါ ပထမဆုံး ဖြစ်တဲ့ကိစ္စပေါ့ဗျာ ကိုယ်စားလှယ်တွေ ဖမ်းဆီးတယ်ဆိုပြီး ဖြစ်တဲ့ကိစ္စပေါ့။ ကျွန်တော်တို့က ကြုံတိုင်းတော့ ပြောပါတယ် ကိုယ်စားလှယ်များ သွားတဲ့လာတဲ့အခါ သတိရှိပါစေ တစ်ခုခုဖြစ်ခြင်း အားဖြင့် ရှုပ်ထွေးသွားမှုတွေ ဖြစ်နိုင်တာပေါ့လေ။အဲဒီတော့ ကျွန်တော်တို့က နီးစပ်တဲ့ကိုယ်စားလှယ်တွေတော့ မှာထားတာရှိပါတယ် အသွားအလာဂရုစိုက်ကြဖို့ပေါ့”လို့ ပြောဆိုပါတယ်။

About the author

Cele Sai

Leave a Comment